Oct 17, 2012

ရင်ထဲက အဖေနဲ့အမေ

တောင်ကြိုကြားက စိမ့်စမ်းပမာ
အေးမြလှပေ
တိမ်ဖြူကြားက နေရောင်ခြည်သို့
နွေးထွေးခဲ့သလေ
ရင်ထဲက အဖေ ရင်ထဲက အမေ။
ကိုယ့်ဝမ်းလွယ် အနာအကျင်ခံလို့
မွေးဖွားတဲ့အမေ
ချော့တေးဆို အကြင်နာပိုလို့
အချစ်ပြတဲ့အမေ
ခြေမခိုင် ယိုင်တိုင်တိုင်မို့
ဖေးမတဲ့အမေ
မိဘဆရာ အစဉ်ရိုသေဖို့
ဆုံးမတဲ့အမေ
ရင်ထဲမှ လှိုက်လှဲစွာနဲ့
ကျေးဇူးပါအမေ။

ကိုယ့်သားပျို အပူအပင်မလိုဖို့
ကြိုးစားတဲ့အဖေ
နေပူထဲမှာ အပူရှိန်မမှုဘဲ
အလုပ်လုပ်တဲ့အဖေ
သန်းခေါင်ယံ အိပ်ချိန်မှာလည်း
မအိပ်နိုင်တဲ့အဖေ
အလုပ်များကာ ပင်ပန်းတာမို့
သုန်မှုန်တဲ့အဖေ
ကိုယ့်ကလေးကို တီတာတာနဲ့
အချစ်မပြတဲ့အဖေ
ဆိုနားမလည် သားငမိုက်က
ရိုင်းပြမိသလေ
ရင်ထဲက တကယ့်မေတ္တာက
ကြီးမားလှပေ
တောင်မြင့်မိုရ်မက မြင့်မားတဲ့
အဖေ့မေတ္တာတွေ
သားနားလည်ပြီမို့
ခွင့်လွှတ်ပါအဖေ။

နှလုံးသားမှ လှိုက်လှဲစွာနဲ့ ကန်တော့ပါ၏ အဖေ။
နှလုံးသားမှ နွေးထွေးစွာနဲ့ ကန်တော့ပါ၏ အမေ။

No comments:

Post a Comment